Thursday, May 23rd

Last update11:00:00 PM GMT

You are here: HREIB အကြောင်း HREIB သတင်းများ HREIB ၁၂ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနား ကျင်းပ

HREIB ၁၂ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနား ကျင်းပ

  • PDF

လူ့အခွင့်အရေး ပညာပေးဌာန (မြန်မာနိုင်ငံ) ရဲ့ ၁၂ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားကို ချင်းမိုင်ရုံးချုပ်မှာ ရုံးအဖွဲ့ ၀န်ထမ်းများ၊ HREIB မှ ယခုလက်ရှိဖွင့်လှစ်ပို့ချနေသည့် Training of Trainers သင်တန်းမှ သင်တန်းသူ/သားများ စုစုပေါင်း (၃၀ ကျော်) နှင့်အတူ ဇူလိုင် ၁၇ ရက်နေ့ ညနေပိုင်းမှာ ကျင်းပခဲ့ကြပါတယ်။

HREIB စတင်တည်ထောင်စဉ်ကတည်းက ပါဝင်ပတ်သက်ခဲ့သူ HREIB ၏ senior trainer တစ်ဦး ဖြစ်သော ကိုအောင်ဇော်ထွေးက HREIB ဖြတ်သန်းခဲ့တဲ့ ၁၂ နှစ်တာကာလနဲ့ လုပ်ဆောင်ချက်များကို အကျဉ်းချုပ်ပြောပြီး အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ပါတယ်။

လူ့အခွင့်အရေးပညာပေး ဌာန (မြန်မာနိုင်ငံ) ၏ ဒါရိုက်တာ ဦးအောင်မျိုးမင်း မြန်မာနိုင်ငံမှ ပေးပို့လိုက်သော ရုပ်သံဖိုင် တွင် “၂၄ နှစ် တိုင်းပြည်ကနေ ကင်းကွာရာကနေ အခုဒီနေ့မွေးနေ့ လူ့အခွင့်အရေး ပညာပေးဌာန (မြန်မာနိုင်ငံ) ရဲ့ နှစ်ပတ်လည်အထိမ်းအမှတ်မှာတော့ ကိုယ်အမိမြေကို ပြန်ရောက်နေတဲ့ ထူးခြားချက်ပါ။ အရမ်းကို ဂုဏ်ယူလဲဂုဏ်ယူပါတယ် ၀မ်းလည်း ၀မ်းသာပါတယ်။ ဒီလိုရောက်နေတဲ့ အချိန်မှာ ချင်းမိုင်မြို့မှာ ရှိနေတဲ့ လူ့အခွင့်အရေးပညာပေးဌာနရဲ့ ၀န်ထမ်းတွေ၊ တာဝန်အသီးသီး ထမ်းဆောင်နေကြတဲ့ နယ်ပယ်ဒေသ အသီးသီးက သင်တန်းနည်းပြတွေ၊ အခုအချိန်မှာဘဲ ချင်းမိုင်မြို့မှာ နည်းပြသင်တန်း တက်ရောက်ဖို့ ရောက်ရှိနေကြတဲ့ သင်တန်းသားတွေ အားလုံး မင်္ဂလာအပေါင်းနဲ့ ခညောင်းကြပါစေလို့ ပထမဦးဆုံး ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။” ဟု အဖွင့်အမှာစကားနဲ့ စတင်ခဲ့ပါတယ်။

၎င်းက ၁၂ နှစ်တာကာလ ကြိုးပမ်းမှုရဲ့ အသီးအပွင့်များကို မြန်မာပြည်တွင်းက လူ့အခွင့်အရေးလုပ်ဆောင်သူတွေ ကွန်ယက်တွေကနေ ကြားရတဲ့အတွက် ကျေနပ်ဂုဏ်ယူ မိကြောင်း၊ ပြောင်းလဲလာတဲ့ နိုင်ငံရေးစနစ်မှာ လူ့အခွင့်အရေး လုပ်ဆောင်မှုအတွက် အစိုးရပိုင်းက ဖိတ်ခေါ်မှုတွေဟာ အနာဂတ် မြန်မာပြည် လူ့အခွင့်အရေး ထွန်းကားမှုအတွက် အခွင့်အလမ်း တရပ်ဖြစ်ကြောင်း၊ မြန်မာပြည်မှာ အခုချိန်ထိ လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိနေသေးကြောင်း၊ လူ့အခွင့်အရေး ချိုးဖောက်ခံ နေရသူတွေကြားထဲမှာ လူ့အခွင့်အရေးအကြောင်း ပညာပေးပြီး ချိုးဖောက်ခံနေရခြင်း များကို ဘယ်လိုရပ်တန့်အောင်လုပ်မယ် လူ့အခွင့်အရေး ယဉ်ကျေးမှု တိုးတက်လာအောင် ဘယ်လိုလုပ်ဆောင်မယ် ဆိုတဲ့ အသိများ ပေါ်ထွန်းခဲ့ကြောင်း ဆက်ပြောပါတယ်။

နောက်ဆုံးအနေနဲ့ “လူ့အခွင့်အရေး ပညာပေးတယ်ဆိုတာ လူသားအားလုံးနဲ့ သက်ဆိုင်ပါတယ်။ လုပ်ဆောင်မှုကလဲ လူ တစ်ယောက်တည်း တဖွဲ့တည်း လုပ်လို့မဖြစ်ပါဘူး။ ဒါကြောင့်မိုလို့ ကျနော်တို့အနေနဲ့ လူ့အခွင့်အရေးကိစ္စကို လုပ်ဆောင်မယ့်သူတွေ ကွန်ယက်တွေ ဒီထက်ပေါ်လာအောင် သင်တန်းနည်းပြတွေရဲ့ လုပ်ဆောင်မှုအခန်းကဏ္ဍတွေ ဒီထက်တိုးတက်လာအောင် ဆက်လက်လုပ်ဆောင် သွားဖို့အတွက် အခုကတည်းကပြင်ဆင်နေပါပြီ။ ဒါ့ကြောင့် ရှေ့ဆက်လက်တွဲပြီး ပါဝင်ကြပါလို့ ပြောချင်ပါတယ်။” ဟု ပြောဆိုခဲ့ပါတယ်။

အခမ်းအနားတွင် တက်ရောက်လာသူများ ၀န်ထမ်းများအားလုံး တဦးနှင့်တဦး ပိုမိုရင်းနှီးမှုရှိ လာစေရန် အုပ်စုစိတ်ဓါတ်များ ပိုမိုဖြစ်ပေါ်လာစေရန် ရည်ရွယ်ပြီး အဖွဲ့လိုက် စုပေါင်းကစား နည်းများ လုပ်ဆောင်ခဲ့ပါတယ်။

ထို့အတူ ၁၂ နှစ်တာ ဖြတ်သန်းမှုကာလအတွင်း HREIB ၏ လုပ်ငန်းများ နှင့် စီမံခန့်ခွဲမှု အပိုင်းများတွင် ထင်ဟပ်ဖော်ပြစေရန် အလို့ငှာ ပါဝင်တက်ရောက်သူ ၀န်ထမ်းများ နှင့် TOT သင်တန်းသားများ အကြား HREIB ကို ဘယ်လိုသိတာလဲ၊ ဘာကြောင့် လာရောက်ပူးပေါင်းတာလဲ၊ HREIB တွင် အနှစ်သက်ဆုံးကဘာလဲ၊ ဘာတွေကို ပြုပြင်ပြောင်းလဲသင့်သလဲ၊ ရှေ့ဆက်ဘယ်လိုဖြစ်စေချင်တာလဲ ဆိုတဲ့ အကြောင်းအရာတွေကို အဖွဲ့လိုက် အုပ်စုခွဲပြီး ဆွေးနွေးပြီး ပြန်လည်တင်ပြစေပါတယ်။

နောက်ဆုံးအနေနဲ့ ၁၂ နှစ်မြောက် အခမ်းအနားအတွက် မွေးနေ့ တေးသီချင်းကို အတူတကွ သီဆိုပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါတယ်။

လူ့အခွင့်အရေး ပညာပေးဌာန (မြန်မာနိုင်ငံ) ကို ၂၀၀၀ ခုနှစ်မှာ စတင်တည်ထောင် ခဲ့တာဖြစ်ပြီး လူ့အခွင့်အရေး ပညာပေးမှုများဖြစ်တဲ့ ကလေးကူးသန်းရောင်းဝယ်မှု တားဆီးရေး၊ ကလေးစစ်သားပပျောက်ရေး သင်တန်းများ၊ လှုံ့ဆော်မှုများနဲ့ ကလေး၊ အမျိုးသမီး လူ့အခွင့်အရေး ပညာပေးမှုတွေ လိင်တူချစ်သူတွေရဲ့ အခွင့်အရေးဆိုင်ရာ သင်တန်းတွေ ပညာပေးမှုတွေကို အဓိကထား လုပ်ဆောင်နေပါတယ်။