တပ်ခ်ခရိုင်အတွင်းမှာရှိတဲ့ ရွေ့ပြောင်းမြန်မာကလေးတွေအပေါ် အမြတ်ထုတ်စော်ကားမှုတွေဖြစ်လာရင် အမှုကိုကိုင်တွယ်ပြီး လွှဲပြောင်းစီမံပေးတဲ့ယန္တယားတခု ( Child Protection Referral System) ပိုမိုအားကောင်းစေဖို့ အဖွဲ့အစည်းတွေအကြား တွေ့ဆုံဆွေးနွေးတဲ့ အလုပ်ရုံဆွေးနွေးပွဲတခုကို ထိုင်းနိုင်ငံမဲဆောက်မြို့မှာ ကျင်းပခဲ့ပါတယ်။
ဇွန်လ (၁၇)ရက်နေ့မှာကျင်းပခဲ့တဲ့ဒီဆွေးနွေးပွဲကို ကလေးကူးသန်းရောင်းဝယ်မှုတားဆီးရေးအဖွဲ့ (Burma ACT) က ကြီးမှူးကျင်းပပြီး ရပ်ရွာလူထုနဲ့ အဖွဲ့အစည်းကိုယ်စားလှယ်တွေ ၃၀ ကျော်တက်ရောက်ဆွေးနွေးခဲ့ပါတယ်။
ဒီဆွေးနွေးပွဲမှာလက်ရှိတပ်ခ်ခရိုင်အတွင်းက ရွေ့ပြောင်းမြန်မာကလေးတွေကိုကာကွယ်စောင့်ရှောက်ရေးလုပ်ဆောင်နေတဲ့ International Rescue Committee၊ World Education၊ CPPCR အဖွဲ့က တာဝန်ရှိသူတွေအပြင် ရပ်ရွာလူထုကြား ကလေးစောင့်ရှောက်ရေးလုပ်ဆောင်နေတဲ့ လူထုကိုယ်စားလှယ်တွေတက်ရောက်ခဲ့ပါတယ်။
လက်ရှိလုပ်ဆောင်နေတဲ့အဖွဲ့အစည်းတွေရဲ့ လူထုကြားပညာပေးမှုတွေ၊ လူထုကိုယ်စားလှယ်တွေကတဆင့် ရပ်ရွာအတွင်းစောင့်ကြပ်မှုတွေ တည်ဆောက်တာတွေ၊ အမှုတွေကို ကိုင်တွယ်လွှဲပြောင်းတဲ့စနစ်တွေအကြောင်းကို တင်ပြကြပါတယ်။
လွှဲပြောင်းစီမံပေးတဲ့ယန္တယားတခုပိုမိုအားကောင်းဖို့ ပူးပေါင်းလုပ်ဆောင်မှုတွေဘယ်လိုလုပ်ဆောင်မယ်ဆိုတဲ့ အချက်တွေကို ပွင့်ပွင့်လင်းလင်းဆွေးနွေးခဲ့ကြပြီး ရှေ့လုပ်ငန်းစဉ်တွေကို ချမှတ်ခဲ့ကြပါတယ်။


