Friday, May 24th

Last update11:00:00 PM GMT

You are here: HREIB အကြောင်း အင်တာဗျူး ဦးအောင်မျိုးမင်း၊ ဦးထွန်းမြင့်၊ ဦးသန်းအောင်၊ ဒေါ်ဘောက်ဂျာ၊ ကိုလှမောင်နဲ့ ကိုတိုးကျော်လှိုင်တို့ရဲ့ ဆွေးနွေးချက်များ

ဦးအောင်မျိုးမင်း၊ ဦးထွန်းမြင့်၊ ဦးသန်းအောင်၊ ဒေါ်ဘောက်ဂျာ၊ ကိုလှမောင်နဲ့ ကိုတိုးကျော်လှိုင်တို့ရဲ့ ဆွေးနွေးချက်များ

ဦးကျော်ဇံသာ။ ။ မင်္ဂလာပါခင်ဗျား။ မြန်မာနိုင်ငံမှာ အမျိုးသားလူ့အခွင့် အရေးကော်မရှင် ဆိုတာကို အစိုးရက တရားဝင်ဖွဲ့စည်းပေးလိုက်ပါပြီ။ တချိန်တုန်းက လူ့အခွင့်အရေးဆိုတဲ့ စကားကိုတောင်မှ မသုံးရဘူးဆိုပြီးတော့ ကန့်သတ်တားမြစ်ခဲ့တဲ့ကိစ္စ ဖြစ်ခဲ့ပါတယ်။

အဲဒီတုန်းက လူ့အခွင့်အရေး ဆိုတဲ့နေရာမှာ လူ့အခွင့်အလမ်းဆိုပြီးတော့ ရွှေဉာဏ်တော် ကွန့်မြူးပြီး လုပ်ဖို့တောင် ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမယ့် အခုအခါမှာ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဆိုတာကို ဖွဲ့စည်း ပေးလိုက်တယ်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြဌာန်းထားတဲ့အခွင့်အရေးတွေကို ကာကွယ်ပေးဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီကော်မရှင်ဟာ မြန်မာနိုင်ငံလူ့အခွင့်အရေးကို တကယ်တိုးတက်အောင် ဆောင်ရွက်နိုင် မလား။ လူ့အခွင့်အရေးကိစ္စကြောင့် ဂုဏ်သိက္ခာညှိုး နွမ်းနေရတဲ့ မြန်မာနိုင်ငံကို ကမ္ဘာ့ အလယ်မှာ ဂုဏ်သိက္ခာပြန်လည်မြှင့်တင်ပေးနိုင်ပါ့မလားဆိုတာကို ဒီကနေ့ဆွေးနွေးကြမှာ ဖြစ် ပါတယ်။ ပင်တိုင်ဆွေးနွေးပေးဖို့ဖိတ်ခေါ်ထားတဲ့ ပုဂ္ဂိုလ်နှစ်ဦးကတော့ ထိုင်းနိုင်ငံမှာ အခြေစိုက် နေထိုင်တဲ့ မြန်မာ့လူ့အခွင့်အရေးကို တက်တက်ကြွကြွလှုပ်ရှားသူ ကိုအောင်မျိုးမင်းနဲ့ မြန်မာနိုင်ငံထဲက ကချင်တိုင်းရင်းသူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် မြန်မာ နိုင်ငံမှာ ဝင်အရွေးခံခဲ့တဲ့ နိုင်ငံရေးသမား ဒေါ်ဘောက်ဂျာတို့ကို ဖိတ်ခေါ်ထားပါတယ်ခင်ဗျား။

ဦးကျော်ဇံသာ။ ။ ပထမဦးဆုံး ကိုအောင်မျိုးမင်းရှိပါသလားခင်ဗျား။ ကိုအောင်မျိုးမင်းရေ လူ့အခွင့် အရေးကော်မရှင်ဖွဲ့တယ်ဆိုတာ စောစောက ကျနော်တို့ ပြောသလို လူ့အခွင့်အလမ်း ဘာညာဆိုပြီးတော့ သူတို့ကလုပ်ခဲ့ကြတာ။အခုလူ့အခွင့်အရေးကော်မရှင်ရဲ့ လုပ်ထုံးလုပ်နည်း၊ လုပ်ပိုင်ခွင့်အာဏာတွေ (Terms of Reference) ကို ကြေငြာတာ ဘာမှမတွေ့ရသေးဘူး။ ဒါပေမယ့် လူတွေက ဒါကို ဝေဖန်နေရတာ ကောင်းမှာ မဟုတ်ဘူး၊ ဖြစ်နိုင်မှာမဟုတ်ဘူးလို့ အပျက်ရှုထောင့်က ဝေဖန်တဲ့လူတွေက များတယ်။ သူတို့အဓိကထောက်ပြတာက တော့ လူပုဂ္ဂိုလ်၊ ကော်မရှင်ထဲမှာပါတဲ့ပုဂ္ဂိုလ်တွေဟာ အစိုးရဝန်ထမ်းဟောင်းတွေမို့လို့ ဘာ ညာဆိုပြီးတော့ အဓိကထားပြီးတော့ ပြောနေကြပါတယ်။ အဲဒီလိုပြောနေတာဟာ တဖက် သတ်ပြောနေတာမျိုး ကြသလား။ တကယ်တမ်း ချင့်ချင့်ချိန်ချိန် ဝေဖန်မယ်ဆိုလို့ရှိရင် ကို အောင်မျိုးမင်းက ဘယ်လိုမြင်သလဲခင်ဗျား။ ခပ်တိုတို သုံးသပ်ပေးပါ။ အလားအလာ ကောင်း နိုင်ဖွယ် တချက်မှ မရှိဘူးလား။

အောင်မျိုးမင်း။ ။ ပထမဦးဆုံး ကျနော်တို့ ပြောနိုင်တာကတော့ အာဆီယံနိုင်ငံ (၁၀)နိုင်ငံအတွင်းမှာ ဆို လို့ရှိရင် အခုလိုမျိုး လူ့အခွင့်အရေးကော်မရှင်ဖွဲ့တဲ့နိုင်ငံ လေးနိုင်ငံဘဲ့ ရှိပါတယ်။ အဲဒီ လေး နိုင်ငံထဲမှာ မြန်မာနိုင်ငံက ငါးနိုင်ငံမြောက်ပါလာခြင်းဟာ ကျနော်တို့ အာဆီယံဒေသအတွင်းမှာ ဆိုလို့ရှိရင်တော့ ထူးခြားမှုတခုလို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် အခုနတုန်းက ပြောသလိုပါဘဲ့။ အခုဖွဲ့ထားတဲ့အဖွဲ့က သမ္မတကနေ တိုက်ရိုက်ခန့်အပ်ပြီးတော့ သမ္မတအမိန့်စာနဲ့ လုပ်ထား တယ်။ သူတို့ရဲ့လုပ်ထုံးလုပ်နည်းပုံစံတွေက ဘာမှ တိတိကျကျ မရှိသေးဘူး။ နောက်တခုက သူတို့ပြောထားတဲ့အချက်ထဲမှာ ကြည့်မယ်ဆိုလို့ရှိရင် ဒီဖွဲ့စည်းပုံအခြေခံဥပဒေရဲ့အခန်း (၈)မှာ ပါထားတဲ့ နိုင်ငံသားတွေရဲ့ မူလအခွင့်အရေးနဲ့ တာဝန်တွေအတိုင်း လုပ်ဆောင်မယ်လို့ ပြော ထားတယ်။ ဒါပေမယ့် အဲဒီဖွဲ့စည်းပုံအခြေခံဥပဒေကိုယ်တိုင်က ဒီလိုမျိုး ကန့်သတ်ချက်တွေ ရှိနေတဲ့၊ ပြဌာန်းထားတဲ့ဥပဒေနဲ့ မဆန့်ကျင်မှ ဒီအခွင့်အရေးတွေ ခံစားရမယ် ပြောထားတဲ့ အတွက် ဒီအတိုင်းလုပ်နိုင်ဖို့ အခက်အခဲက သူတို့ဆီမှာ တော်တော်ရှိနေတာ ဒါကို တွေ့နေရပါ တယ်။

ဦးကျော်ဇံသာ။ ။ ကိုအောင်မျိုးမင်းရေ။ ကျနော်တခုမေးချင်တာက ကျန်တဲ့ အာဆီယံ လေးနိုင်ငံရဲ့ လူ့ အခွင့်အရေးကော်မရှင်တွေက လုံးဝ Independence ဖြစ်ပြီး ဖွဲ့သလား။ အစိုးရရဲ့ ပယောဂ၊ ဘာညာတခုမှမပါဘဲ သီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်းတွေချည်းဘဲ့လား ခင်ဗျား။

အောင်မျိုးမင်း။ ။ ဟုတ်ကဲ့။ ထိုင်းနိုင်ငံနဲ့ ဖိလစ်ပိုင်နိုင်ငံတွေကတော့ တကယ့်ကို သီးခြား လွတ်လပ်ပြီးတော့ သူတို့ရဲ့လုပ်ထုံးလုပ်နည်းအများဆုံး ရှိနေတာကို တွေ့ရတယ်။ နောက်တခါ အင်ဒိုနီးရှား နိုင်ငံကတော့ အရင်တုန်းက သူတို့ရဲ့ လွတ်လပ်မှုဟာ အားနည်းပေမယ့် အခု နောက်ပိုင်းမှာ ဒီလိုမျိုးလုပ်ဆောင်မှုအပိုင်းတွေ၊ လွတ်လပ်မှုတွေကောင်းလာတာရှိတယ်။ မလေးရှားနိုင်ငံမှာ ကြည့်မယ်ဆိုရင်တော့ အစိုးရကိုယ်တိုင်က ခန့်အပ်ထားတဲ့ပုံစံမျိုး ဖြစ်နေတာ ရှိနေတယ်။ နောက် သူတို့ရဲ့ လွတ်လပ်ခွင့်အတွက် ကြိုးစားပြီး လုပ်ဆောင်နေပေ မယ့် အစိုးရရဲ့ လူ့အခွင့်အရေးလေးစားမှု အခြေအနေတွေကို ထိရောက်စွာ တိုင်ကြားမှုတွေကို အရေးယူနိုင်မယ့်ဟာတွေ၊ ဒါကို လက်ခံနိုင်တဲ့အပိုင်းမှာ အားနည်းနေတယ်လို့ ယေဘုယျ သတ်မှတ်ထားကြပါတယ် ခင်ဗျား။

ဦးကျော်ဇံသာ။ ။ ဟုတ်ကဲ့။ သိပ်ကျေးဇူးတင်ပါတယ်။ အခုလို့ ရှင်းပြလို့ သိရတယ် ဆိုတော့။ အာဆီယံ အတိုင်းအတာ၊ ပေတံနဲ့ တိုင်းရင် သိပ်မဆိုးလှသေးဘူးလို့ ကျနော်က တော့ လောလောဆယ် မှာ သုံးသပ်လိုပါတယ်။ ပရိသတ်များက ဘယ်လိုသုံးသပ်မလဲ ဆိုတာကိုတော့ ဆက်ပြီး ကြားရ တာပေါ့ခင်ဗျား။ ကျနော်နောက်ပုဂ္ဂိုလ်တဦးကတော့ ဒေါ်ဘောက်ဂျာပါ။ ဒေါ်ဘောက်ဂျာကို မေးချင်ပါတယ်။ ဒေါ်ဘောက်ဂျာက တိုင်းပြည်ထဲမှာ နေတဲ့သူ။ စောစောက ကိုအောင်မျိုးမင်း ကတော့ နိုင်ငံတကာအခြေအနေနဲ့ ယှဉ်ပြီးတော့ ပြောပါတယ်။ ဒေါ်ဘောက်ဂျာက လက်တွေ့ ခံစားချက်ကို ပြောပါခင်ဗျား။ လူ့အခွင့်အရေးကော်မရှင်ဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို သက်သာရာရအောင် ဆောင်ရွက်ပေးနိုင်လိမ့်မယ်လို့ ထင်ပါသလား။ မျှော်လင့်ပါသလား ခင်ဗျား။

ဒေါ်ဘောက်ဂျာ။ ။ ဟုတ်ကဲ့ပါ။ ကျမတို့က တိုင်းရင်းသားဒေသမှာ နေထိုင်လာ ခဲ့တဲ့ ဒေသခံပြည်သူတွေ ဖြစ်ပါတယ်။ ကျမတို့ နေ့စဉ်နဲ့အမျှ ခံစားရတာ၊ မငြိမ်းချမ်းခင် ကတည်းက အခုလို တိုက်ပွဲဖြစ် နေတာမဟုတ်ပေမယ့် လွန်ခဲ့တဲ့ အချိန်အမြောက်အများမှာ ကတည်းက ကျမတို့ လူ့အခွင့် အရေးနဲ့ ပတ်သက်လို့ ချိုးဖောက်ခံရတာတွေ မြောက်များစွာ ကျမတို့ ကြုံတွေ့ခဲ့ရတယ်။ ယနေ့ ထက်ထိ တိုင်အောင်ပါဘဲ့။ ဒါပေမယ့် အခုချိန်မှာ လူ့အခွင့်အရေးကော်မရှင်အသစ်ကို ဖွဲ့စည်းလိုက်တယ်ဆိုပေမယ့် ဘာတွေ ဆောင်ရွက်သွား မယ်။ ဘာတွေကို လုပ်သွားမယ်ဆိုတာ ကိုလည်း ကျမတို့က မသိရပါဘူး။ တကယ်ဘဲ့ ထိထိမိမိ လုပ်ကိုင်သွားပေးမယ်ဆိုရင်တော့၊ ဒါ တောင်မှ ကော်မရှင်ကို ဖွဲ့စည်းတဲ့အရာဟာ လွှတ်တော်ထဲမှာဘဲ့ ဖွဲ့စည်းမှာလား။ တကယ် ဒေသခံထဲမှာရှိတဲ့ ယုံကြည်အားကိုးရတဲ့ သူတွေကို တာဝန်ပေးပြီး ဒါတွေကို ဖော်ထုတ်နိုင်မှ သာလျှင် ဒီလူ့အခွင့်အရေးချိုးဖောက်မှုတွေ ပပျောက်သွားမှာ ဖြစ်ပါတယ်။ ဒီအတိုင်းသာ ဆက် ပြီးလုပ်နေရင်လည်း မြို့ထဲမှာတော့ ဒါလောက်မထူးခြားပေမယ့် တောရွာ၊ တိုင်းရင်းသားဒေသ တွေမှာ အင်မတန်မှ ဒီကိစ္စတွေဟာ နေ့စဉ်နဲ့အမျှ ခံစားနေရတာပါ။ ဒါကြောင့် လူ့အခွင့်အရေးနဲ့ ဖွဲ့စည်းထားတဲ့ ဒီဟာတွေဟာ တကယ်ဘဲ့ ထိထိရောက်ရောက် လုပ်ပေးနိုင်မယ်ဆိုရင်တော့ ပိုပြီးတော့ ကောင်းမှာပါ။

ဦးကျော်ဇံသာ။ ။ ဟုတ်ကဲ့။ ဒေါ်ဘောက်ဂျာ ကျေးဇူးတင်ပါတယ်။ အခုလောလော ဆယ်မှာတော့ ကချင် ဒေသမှာ အစိုးရစစ်တပ်နဲ့ ကချင်တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတို့အကြား တိုက်ပွဲ တွေ ဖြစ်နေတော့ ပိုဆိုးလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။ အသေးစိပ်နည်းနည်းသိချင်ရင်တော့ နောက်ပိုင်းမှာ ကျနော်ထပ်ပြီးတော့ မေးပါရစေ ဒေါ်ဘောက်ဂျာခင်ဗျား။ အခုလောလော ဆယ် တော့ ပါဝင်ဆွေးနွေးလိုတဲ့ပုဂ္ဂိုလ်တွေကို ကျနော်ဖိတ်ခေါ်လိုပါတယ်။ ပထမဦးဆုံး ဖိတ်ခေါ်ရ မယ့်ပုဂ္ဂိုလ်ကတော့ ကိုတိုးကျော်လှိုင် ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်းက စာနယ်ဇင်းအယ်ဒီတာ ဟောင်းတဦး ဖြစ်ပါတယ်။ ကိုတိုးကျော်လှိုင်ကတော့ တိုင်းပြည်ထဲမှာ နေတယ်။ ကျနော် အမြဲ တမ်း သုံးနှုန်းကျ စာနယ်ဇင်းသမားဆိုတာ မျက်စိကြီး၊ နားကြီးပေါ့ဗျာ။ ကိုတိုးကျော်လှိုင်ရဲ့ အမြင်ကို ပြောပါ။ လူ့အခွင့်အရေးကော်မရှင်နဲ့ ပတ်သက်လို့ လူတော်တော်များက သံအမတ် ဟောင်းတွေ၊ ကာကွယ်ရေးက လူတွေ၊ အစိုးရက လူတွေ။ လွတ်လပ်မှုရှိမှာ မဟုတ်ဘူး။ ဆောင်ရွက်နိုင်မှာ မဟုတ်ဘူးဆိုပြီးတော့ မြင်ကျပါတယ်။ ဆိုတော့ ကိုတိုးကျော်လှိုင် ဘယ်လို မြင်ပါသလဲခင်ဗျား။

ကိုတိုးကျော်လှိုင်။ ။ လူ့အခွင့်အရေးကော်မတီဆိုပြီးတော့ အရင်တုန်းကလည်း ကျနော်တို့ ဒီကုလသမဂ္ဂတို့၊ နိုင်ငံခြားက ဧည့်သည်အဖွဲ့တွေလာလို့ရှိရင် ပြည်ထဲရေးဝန်ကြီး ဦးဆောင်ထားတဲ့ အဖွဲ့မျိုး အရင်ကတည်းကတော့ ရှိပါတယ်။ အခုတခေါက် မစ္စတာကင်တားနားခရီးစဉ်မှာတော့ လွတ် လပ်တဲ့ လူ့အခွင့်အရေးကော်မရှင်ဖွဲ့စည်းမယ်ဆိုတဲ့ ကတိကဝတ်တွေ အစိုးရကပေးခဲ့တာ ရှိပါ တယ်။ ဒါပေမယ့် တကယ်ဖွဲ့လိုက်တဲ့အခါကျတော့ အငြိမ်းစားသံအမတ်ကြီးတွေ၊ ညွန်ချုပ်တွေ၊ ပါမောက္ခတွေ ပါပါတယ်။ အဲတော့ ဒီအခြေအနေနဲ့ ပတ်သက်ပြီးတော့ပေါ့နော်။ ကျနော်တို့ ဒီ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အခြေခံပြီးတော့ ဖွဲ့ထားတယ်လို့ ပထမဦးဆုံး ကျနော်တို့ ပြောရပါလိမ့်မယ်။ ပြီးတဲ့အခါကျတော့ ကျနော်တို့ သာမန်ပြည်သူတွေအမြင်နဲ့ မြင် ကြည့်မယ်ဆိုလို့ရှိရင် မရှိတာနဲ့စာရင်တော့ ရှိတာက လူ့အခွင့်အရေးကော်မရှင်ဖွဲ့စည်းရှင် (အမျိုးသားလူ့အခွင့်အရေးကော်မရှင်)ကို ဖွဲ့စည်းတယ်ဆိုတာ ကောင်းပါတယ်။ မရှိတာထက် စာရင် ရှိတာက ကောင်းပါတယ်။ ဒါပေမယ့် ရှိပြီးတော့ အလုပ်မဖြစ်ဘူးဆိုရင်တော့ သိပ်ပြီး တော့ မထူးပါဘူး။ အလကားပါဘဲ့။ ဆိုချင်တာကတော့ဗျာ။ ကျနော်တို့ လူ့အခွင့်အရေး ကော်မရှင်က ဘယ်လောက်လွတ်လပ်မယ်ဆိုတဲ့ ဘယ်လောက်လွတ်လပ်မလဲ။ ဘယ်လောက် လွတ်လွတ်လပ်လပ် လုပ်နိုင်မလဲ။ နောက်ပြီးတဲ့အခါကျတော့ အငြိမ်းစားဝန်ထမ်းတွေ ဖြစ်တဲ့ အတွက်ကြောင့် သူတို့အရွယ်တွေက ၆၀၊ ၆၅၊ ၇၀ တန်းတွေ ဖြစ်နေပါပြီ။ လက်တွေ့ အလုပ် ဖြစ်ဖို့ကလည်း သိပ်တော့မလွယ်ဘူး။ အဲတော့ ကျနော်က ပထမဦးဆုံး ပြောချင်တာကတော့ တိုးချဲ့ဖွဲ့စည်းဖို့ လိုပါတယ်။ လူတန်းစားအလိုက် ကိုယ်စားပြုတဲ့ပုဂ္ဂိုလ်တွေ ပါသင့်ပါတယ်။ ဥပမာ- အကျဉ်းဦးစီးဌာနနဲ့ ပတ်သက်တဲ့ ပုဂ္ဂိုလ်လိုမျိုးတွေပေါ့နော်။ နောက်ပြီးတော့ တကယ်တမ်းပြောရမယ်ဆိုလို့ရှိရင် လူ့အခွင့်အရေးကော်မရှင် ဘယ်လောက် လုပ်နိုင်မလဲဆို တာကို ကျနော်တို့ စောင့်ကြည့်ရမယ်လို့ ပြောချင်ပါတယ်။ ဒီအတိုင်းရှိပြီး အလုပ်မဖြစ်ဘူးလို့ ကျနော်တို့ မြင်နေတာ ရှိပါတယ်။ အခုချိန်ထိတော့ပေါ့နော်။

ဦးကျော်ဇံသာ။ ။ ဟုတ်ကဲ့။ ကိုတိုးကျော်လှိုင်ရေ။ ကျနော်တခုသိချင်တာက ဒီမတိုင်ခင် မြန်မာနိုင်ငံမှာ မကြာခင်က အမျိုးသမီးရေးရာအဖွဲ့တို့၊ ဘာတို့ ဖွဲ့လာတယ်လို့ ကြားဖူးပါတယ်။ အဲဒီအချိန်မှာ ကျနော်တော့ ပြန်မရောက်ပါဘူး။ အဲတော့ အဲဒီလိုအဖွဲ့တွေကျတော့ကော Domestic Violence ပေါ့လေ။ မိသားစုအတွင်း နိုင်ထက်စီးနင်းလုပ်တာတွေကို တိုင်ရင် ထိထိရောက် ရောက် အရေးယူပေးတယ်ဆိုတာကိုလည်း ကျနော်တို့ ကြားရပါတယ်။ အဲဒါနဲ့ ယှဉ်ထိုးစဉ်းစား ရင်ကော ဒီဟာက အလားအလာ နည်းနည်းရှိလာနိုင်ပါသလား။

ကိုတိုးကျော်လှိုင်။ ။အဲဒီဟာနဲ့ ယှဉ်ထိုးစဉ်းစားမယ်ဆိုရင်တော့လေ။ ပထမဦးဆုံးကတော့ ကျနော်တို့ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ လူ့အခွင့်အရေးကော်မရှင်က တိုးချဲ့ဖွဲ့စည်းဖို့ လိုတယ်။ ဒါက ကျနော်ပထမဦးဆုံး ပြောတဲ့အချက်ပေါ့နော်။ ဒုတိယအချက်က ဒီလူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ ပညာပေးအစီအစဉ်တွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ရမယ်။ ကျယ်ကျယ် ပြန့်ပြန့် လုပ်ရမယ်ဆိုတာက ကျနော်က လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ အခြေခံအချက်တွေကို ကျောင်းသင်္ခန်းစာမှာပါ ထည့်ရမယ်။ ပြီးတဲ့အခါကျတော့ လူ့အခွင့်အရေးကို ပြည်သူတွေ နား လည်လာအောင် ကျနော်တို့ ပညာပေးတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ရမယ်။ အခုလက်ရှိ အချိန်ထိတော့ မီဒီယာတွေ အများကြီးရှိတယ်။ သတင်းစာမှာဘဲ့ ဖြစ်ဖြစ်၊ ဂျာနယ်မှာဘဲ့ ဖြစ် ဖြစ်၊ ရုပ်မြင်သံကြားဘဲ့ဖြစ်ဖြစ်၊ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ ပညာပေးအစီအစဉ် ဘယ်မှာမှ မပါသေးဘူး။ ဒါက ပထမအချက်ပေါ့နော်။ ဒုတိယအချက်က ကျနော်တို့ အရေးကြီးပါတယ်။ အဲဒါက လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိခဲ့တယ်ဆိုရင် နှစ်ဆယ့်လေးနာရီပတ်လုံး တိုင်ကြား နိုင်တဲ့ လူပုဂ္ဂိုလ်တို့၊ ဖုန်းနံပါတ်တို့၊ ရုံးတို့ ဖွင့်ပေးရလိမ့်မယ်။ ဒါက မြို့နယ်တိုင်းမဟုတ်ရင် တောင်မှ အနည်းဆုံး ပြည်နယ်နဲ့ တိုင်းအဆင့်မှာ ကျနော်တို့ ဒီလူ့အခွင့်အရေးချိုးဖောက်မှု တွေနဲ့ ပတ်သက်ပြီးတော့ အချိန်မရွေး တိုင်ကြားနိုင်ပါတယ်ဆိုတဲ့ ရုံးမျိုးတွေ ကျနော်တို့ ဖွင့်ရ လိမ့်မယ်။ အခုဗမာပြည်မှာကဗျာ။ လူ့အခွင့်အရေးဆိုတာကို အစိုးရက ပညာပေးမှု လုံးဝမလုပ် ဘူး။ မလုပ်တဲ့အတွက်ကြောင့် လူ့အခွင့်အရေးဆိုတာကို လူတွေက မသိတဲ့အတွက်ကြောင့် ချိုးဖောက်ခံရတာတွေလည်း ရှိတယ်။ နောက် တိုင်ကြားရကောင်းမှန်း၊ ဥပဒေကြောင်းအရ အရေးဆိုရကောင်းမှန်းလည်း မသိဘူး။

ဦးကျော်ဇံသာ။ ။ ဟုတ်ကဲ့။ ကိုအောင်မျိုးမင်းကိုဘဲ့ ကျနော်တချက်ပြန်မေးပါရစေ။ ကိုအောင်မျိုးမင်းက လူ့အခွင့်အရေးပညာပေးရေးအဖွဲ့ (ဗမာပြည်ထဲကို ဝင်ခွင့်မရသော လူ့အခွင့်အရေးပညာပေး အဖွဲ့) ရဲ့ ညွှန်ကြားရေးမှုး ဖြစ်ပါတယ်။ ကိုအောင်မျိုးမင်းကို မေးချင်တာက တကယ်လို့များ မြန်မာနိုင်ငံအစိုးရကို အခုသတင်းထောက်တချို့ ပြန်ကြတာရှိတယ်။ အနုပညာသမားတချို့ ပြန်ကြတာ ရှိတယ်။ ပြန်မယ်လို့ သတင်းတွေ ကြားရတာတွေ ရှိတယ်။ လူ့အခွင့်အရေးကိစ္စနဲ့ ပတ်သက်လို့ ကိုအောင်မျိုးမင်းကို ဆက်သွယ်ကြိုးစားတာမျိုး မရှိဘူးလားခင်ဗျား။ ပညာပေး ရေးကိစ္စ ပြည်တွင်းမှာ ဆောင်ရွက်ချင်တာမျိုး။ မဖြစ်နိုင်ဘူးလား။

အောင်မျိုးမင်း။ ။ ကျနော်တို့ အဖွဲ့ကတော့ ပြည်တွင်းမှာ ပြန်ပြီးတော့ အလုပ်လုပ်ချင်ပါတယ်။ ဒါပေမယ့် ဒီလိုမျိုး လူ့အခွင့်အရေးပညာပေးမှုတွေ လုပ်တဲ့အချိန်မှာ အစိုးရရဲ့ ပူးပေါင်းပါဝင်မှုရယ်၊ စိတ် ရင်းစေတနာမှန်ကန်မှုရယ် အများကြီး လိုအပ်ပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ အနေနဲ့က တော့ ပြည်သူလူထုကို များများပညာပေးနိုင်ရင် ကောင်းတယ်။ ဒါပေမယ့် အခြေအနေအရ အခုချိန်အထိ ပြည်သူလူထုကို လွတ်လွတ်လပ်လပ်နဲ့ ပညာပေးနိုင်တဲ့အခြေအနေတွေ မရှိ သေးတဲ့အတွက် ပြည်ပကဘဲ့ ကျနော်တို့ ဆက်လက် လုပ်နေရပါတယ်။ လူ့အခွင့်အရေး ပညာပေးတယ်ဆိုတာကလည်း ကျနော်တို့အနေနဲ့ ကျနော်တို့ အဖွဲ့အစည်းတခုတည်း လုပ် တာမဟုတ်ဘဲနဲ့ လူတိုင်းကနေ ပါဝင်လုပ်နိုင်တဲ့အခြေအနေတွေကို ဖန်တီးပေးနိုင်မှသာ ထိ ရောက်မှု ကျနော်တို့ ရှိမှာပါ။ ကျနော်တို့အဖွဲ့ ပြန်ခြင်း၊ မပြန်ခြင်းနဲ့ စာလို့ရှိရင် လူ့အခွင့် အရေးပညာပေးလုပ်ငန်းတွေကို အစိုးရအပါအဝင်၊ လူထုလူတန်းစားအသီးသီးကနေ လွတ် လွတ်လပ်လပ် လုပ်နိုင်ဖို့ရယ်၊ လူ့အခွင့်အရေးအကြောင်းတွေ လူတိုင်းသိနိုင်ဖို့အတွက် နည်းပေါင်းစုံနဲ့ ကျင့်သုံးနိုင်ခွင့်၊ ဖန်တီးပိုင်ခွင့်၊ လုပ်ဆောင်ပေးမှုက ပိုအရေးကြီးပါတယ်ခင်ဗျား။

ဦးကျော်ဇံသာ။ ။ ကိုအောင်မျိုးမင်း မစ္စတာကင်တားနားကိုများ ဒီတခေါက်ပြန် ထွက်လာတော့ တွေ့လိုက်ဖြစ်သေးလား။ သူပြောတဲ့အထဲမှာတော့ မြန်မာနိုင်ငံမှာ လူ့အခွင့် အရေးသင်တန်းရှိလို့ သူ တောင်မှ ဝင်ပြီးတော့ Lecture ပေးခဲ့တယ် ပြောတာဘဲ့။ ဟုတ်ကဲ့။ အဲဒီအကြောင်းနဲ့ ပတ်သက်လို့ ကျနော်ပြောတော့ ပြောခဲ့ဘူးပါတယ်။ ပြောခဲ့ဘူးတယ်ဆိုတဲ့ကိစ္စက လူ့အခွင့်အရေးပညာပေးမှုတွေ ရှိလာခြင်းဟာ ကျနော်တို့ အား ကောင်းပါတယ်။ ဒါပေမယ့် လူ့အခွင့်အရေးပညာပေးမှုက ကျနော်တို့ လူတန်းစားအသီးသီး ဖြစ်ဖို့ လိုအပ်တယ်။ နောက် လူ့အခွင့်အရေးပညာပေးတဲ့နေရာမှာ နိုင်ငံတကာမှာ လူ့အခွင့် အရေးနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုမျိုး လူ့အခွင့်အရေးတွေ၊ ဘယ်လိုစာချုပ်တွေ ရှိတယ်ဆို တဲ့ ပြောကြားတာ ရှိဖို့ လိုအပ်သလို ကိုယ့်တိုင်းပြည်မှာ လူ့အခွင့်အရေးတွေ ချိုးဖောက်ခံရရင် ဘယ်လိုမျိုး အကာအကွယ်ပေးနိုင်မယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တာဝန်ရှိတဲ့သူ တွေကော၊ ပြည်သူကကော ဘယ်လိုမျိုးနည်းနဲ့ ဝိုင်းဝန်းကာကွယ်နိုင်မလဲဆိုတဲ့ လက်တွေ့ကျ တဲ့နည်းလမ်းတွေကို ပေးဖို့က ပိုပြီးတော့ အရေးကြီးတာကို ကျနော်တို့ တွေ့ရပါတယ်။ တဖက် မှာ နိုင်ငံတကာစာချုပ်တွေ အကြောင်းဘဲ ပြောပြီးတော့ တကယ်တမ်း လက်တွေ့ လုပ်ဆောင် မှုနည်းလမ်းကို မဖော်ဆောင်နိုင်ရင်တော့ ဒီလိုမျိုး လူ့အခွင့်အရေးပညာပေးမှုတွေက ထိ ရောက်မှုရှိတယ်လို့ ကျနော်တို့ပြောနိုင်မှာ မဟုတ်ပါဘူး။ ဒီလိုမျိုး အာဏာရှိတဲ့သူတွေက လူ့ အခွင့်အရေးစာချုပ်တွေကို လက်တလုံးခြားလုပ်ပြီးတော့ သူတို့ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု တွေကို ကာကွယ်တဲ့ပုံစံမျိုးဘဲ ပိုမိုဦးတည်တာ ဖြစ်သွားနိုင်တယ်လို့ဘဲ့ ကျနော်ပြောချင်ပါ တယ်။

ဦးကျော်ဇံသာ။ ။ ဟုတ်ကဲ့။ လောလောဆယ်မှာတော့ UDHR နိုင်ငံတကာ ကြေငြာစာတမ်းကိုတောင်မှ မြန်မာနိုင်ငံမှာ ဖြန့်ချီတာ၊ ရိုက်နှိပ်တာ၊ ဘာသာပြန်တာကို မတွေ့ရဘူးလို့တော့ ကျနော်တို့ ကြားဖူးပါတယ်ခင်ဗျား။ နောက်သောတရှင်တဦးကို ကျနော်ဖိတ်ခေါ်လိုပါတယ်။ အဲဒီသောတ ရှင်တဦးကတော့ နိုင်ငံရေးအကျဉ်းသား ဟောင်းတဦးဖြစ်ခဲ့တဲ့ ကိုလှမောင် ဖြစ်ပါတယ်။ ကိုလှ မောင်ကြားပါသလားခင်ဗျား။ (ဟုတ်ကဲ့ ကြားပါတယ်။) ဟုတ်ကဲ့။ ကိုလှမောင်။ လိုတိုရှင်းလေး ကြားပါရစေခင်ဗျား။

ကိုလှမောင်။ ။ဟုတ်ကဲ့ပါ။ အခုပြောသွားတာတွေကလည်း တော်တော်ကောင်းပါတယ်ဗျာ။ ကျနော် တို့ ပြည်သူ့လွှတ်တော်နဲ့ င/ည နဲ့ ပတ်သက်ပြီးတော့မှ ကျနော်က အပြည့်အဝ ထောက်ခံပါ တယ်။ ဒါပေမယ့် တခြား ၃၂ တို့၊ ၅၄ တို့နဲ့လည်း အချိန်မရွေး ဖမ်းဆီးနေတာတွေ ရှိပါတယ်။ ဒါ့အပြင် ကျနော်တို့ နိုင်ငံအတွင်းမှာ နေ့တိုင်းရင်ဆိုင်နေရတဲ့ နေ့စဉ် ဧည့်စာရင်း တိုင်ရတဲ့ အခြေအနေလေးတွေကိုလည်း ဆွေးနွေးပြီးတော့ အစိုးရကို တင်ပြစေချင်ပါတယ်။ နောက်ပြီး တော့ ကျနော်တို့ အခုဖွဲ့လိုက်တဲ့ ကော်မရှင်နဲ့ ပတ်သက်ပြီးတော့ ပါနေတဲ့ လူကြီးတွေရဲ့ လက်တွေ့ပကတိကို လုပ်နိုင်၊ မလုပ်နိုင်ဆိုတဲ့အပေါ်မှာလည်း စောင့်ကြည့်ရမယ်လို့ မြင်ပါတယ်။ ကျနော်တို့ ဒီ အရင်အစိုးရနဲ့ မတူတဲ့ အစိုးရတခု ပြောင်းလဲလာတယ်လို့ဘဲ့ ကျနော်မြင်ပါ တယ်။ ဒါ့အပြင် ကျနော်တို့က သူတို့ကောင်းတယ်၊ မကောင်းဘူး ပြောနေမှာထက် ကိုယ်ကိုယ် တိုင်ကော၊ ကိုယ့်အဖွဲ့အစည်းတွေမှာ၊ အတိုက်အခံအဖွဲ့အစည်းတွေမှာရှိတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုကော ပြုပြင်ဖို့ မလိုအပ်ဘူးလား။ အဲဒါလေးကိုလည်း ကျနော်တို့က သိချင် ပါတယ်။ှင်နဲ့ ပတ်သက်ပြီးတော့ ပါနေတဲ့ လိုက်တဲ့ ယ်။ ရင်ဆိုင်နေရတဲို့လှမောင်။ လိုတိုါတယ်။

ဦးကျော်ဇံသာ။ ။ ဟုတ်ကဲ့။ ကိုလှမောင်။ မေးသင့်တဲ့မေးခွန်းပါဘဲ့။ မြန်မာ့အရေး ဆောင်ရွက်နေတဲ့ ပြည်ပရောက်အဖွဲ့အစည်းတွေ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေထဲမှာလည်း လူ့အခွင့်အရေးချိုး ဖောက်မှုတွေ ရှိတယ်ဆိုတာ ကျနော်တို့ ကြားခဲ့ရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကိုအောင်မျိုးမင်းကို ခပ်တိုတိုဖြေဖို့ ကျနော်မေးပါရစေ။ မမေးခင်မှာ ကျနော် ကိုလှမောင် မေးတဲ့အထဲက ဧည့်စာရင်းတိုင်တဲ့ကိစ္စ ဒေါ်ဘောက်ဂျာကို မေးချင်ပါတယ်ခင်ဗျား။ မြန်မာနိုင်ငံ မှာ အခုထိ ဧည့်စာရင်းတိုင်ရတုန်းဘဲ့ လားခင်ဗျား။

ဒေါ်ဘောက်ဂျာ။ ။ ဟုတ်ကဲ့ပါ။ တိုင်ရတုန်းပါဘဲ့။

ဦးကျော်ဇံသာ။ ။ ဟုတ်ကဲ့။ ဘယ်လောက်၊ ဘယ်လို အခြေအနေဘယ်လိုရှိပါသလဲ။ ကချင်ပြည်နယ် ဘက်မှာ ဧည့်စာရင်းတိုင်ရတာ။

ဒေါ်ဘောက်ဂျာ။ ။ တပတ်ကို တကြိမ်တိုင်ရတယ်။ အရင်တုန်းကဆိုရင်တော့ ဧည့် စာရင်းသွားတိုင်လို့ရှိရင် လူတယောက်ကို တရာစီကောက်ပါတယ်။ ရန်ကုန်မြို့လို နေရာ မှာသာ သိပ်မရှိသေးပေမယ့် နယ်မှာဆိုရင် လူတဦးကို ငါးရာကောက်ပါတယ်။ တခါတလေ ဧည့်စာရင်းမတိုင်ဖြစ်တာ၊ ရက်ကျော်သွားတာမျိုးဆိုလို့ရှိရင်တော့ သူတို့က လာဖမ်းတယ်။ တယောက်ကို ဒဏ်ငွေ တသောင်း၊ (သို့မဟုတ်) ငါးထောင် အဲလိုမျိုး ပြန်ရိုက်ပါတယ်။

ဦးကျော်ဇံသာ။ ။ ရန်ကုန်မြို့မှာလည်း ဧည့်စာရင်းတိုင်ရတယ်ထင်ပါတယ်။ ဟုတ်ပါသလား ကိုတိုးကျော် လှိုင်ခင်ဗျား။

ကိုတိုးကျော်လှိုင်။ ။ ကျနော်ရန်ကုန်မြို့မှာ နေတာပါ။ ကျနော့်သန်းခေါင်စာရင်းကလည်း ရန်ကုန်မြို့မှာ ရှိပါ တယ်။ ဒါပေမယ့် သန်းခေါင်စာရင်းရှိတဲ့မြို့နယ်နဲ့ ကျနော်လက်ရှိနေ နေတဲ့မြို့နယ် မတူတဲ့ အတွက်ကြောင့် ကျနော်လည်း ဧည့်စာရင်းတိုင်ရပါတယ်။ ပထမတုန်းကလည်း ကျနော် တပတ်တခါ တိုင်ရပါတယ်။ ဒီနောက်ပိုင်းတော့ ကျနော့်ကို စာနာသောအားဖြင့် ဆိုပြီးတော့ နှစ်ပတ်တကြိမ် တိုင်ရပါတယ်။

ဦးကျော်ဇံသာ။ ။ အဲတော့ တော်တော်ထူးဆန်းတာဘဲ့။ ကိုအောင်မျိုးမင်း ဧည့်စာရင်း တိုင်တဲ့ကိစ္စ ကျန်တဲ့နိုင်ငံတွေမှာ၊ (အာဆီယံနိုင်ငံတွေမှာ) ရှိပါသလားခင်ဗျား။ အဲဒါက ထောင်မကျဘဲနဲ့ကို လူ့ အခွင့်အရေးချိုးဖောက်ခံနေရသလို ဖြစ်နေတယ်လို့ ကျနော်စိတ်ထဲမှာ ထင်နေတယ်။

အောင်မျိုးမင်း။ ။ ဟုတ်ကဲ့။ ဧည့်စာရင်းတိုင်ရတဲ့ကိစ္စကတော့ ကျနော်တခြားနိုင်ငံတွေမှာ မကြားဖူးပါ ဘူး။ ကျနော်သိသမျှပေါ့။ ဘာဖြစ်လို့လဲဆိုတော့ တခြားနိုင်ငံမှာ ခရီးသွားလာ လို့ရှိရင်တော့ ဒီလူတယောက်ရဲ့ မှတ်ပုံတင်ကို စစ်ဆေးတာ ရှိပါတယ်။ ဒါကတော့ သူတို့ရဲ့ နိုင်ငံတော် လုံခြုံမှုရယ်၊ နောက်တခါမှာ ရာဇဝတ်မှု၊ ကုန်ပစ္စည်းသယ်ဆောင်မှု၊ ဒါမှမဟုတ်လို့ရှိရင် တရား မဝင်လူတွေကို စစ်ဆေးတယ်ဆိုတဲ့ပုံစံမျိုးဘဲ့ ရှိပါတယ်။ ဧည့်စာရင်း တိုင်ပြီး ညအချိန်မှာ အဲလို တိုင်ရတာတွေ၊ ညအချိန်မှာ အဲလိုမျိုး လာရောက်ပြီးတော့ စစ်ဆေးတာတွေ ဒီလုပ်ငန်းတွေက တော့ ကျနော်ဘယ်နိုင်ငံမှာမှ မကြားဖူးပါဘူး။ အဲတော့ ဒီလိုမျိုးဧည့်စာရင်းတိုင်မှုကို ကျနော်တို့ ပြောကြားတဲ့အခါမှာ နိုင်ငံသားတွေရဲ့ လွတ်လပ်စွာ သွားလာခွင့်ဆိုတဲ့ UDHR မှာ ပြောကြား ထားတဲ့အခြေခံအချက်ကို ကျနော်တို့ သွားပြီးတော့ ထိခိုက်တယ်ဆိုတဲ့ဟာကို ပြောနိုင်တယ်။ နောက်တခုကတော့ ဧည့်စာရင်းတိုင်တဲ့အချိန်မှာ လူပုဂ္ဂိုလ်တဦးတယောက်ရဲ့ ပုဂ္ဂလိက အိမ်ယာတွေ၊ နောက်တခါ အိမ်ခန်းတွေ ဒါတွေကို ဝင်ရောက်တာတွေ ရှိတယ်။ ရှာဖွေတာတွေ ရှိတယ်။ အဲတော့ အဲလိုမျိုး လွတ်လပ်စွာ သွားလာခွင့်တင်မကဘဲနဲ့ လူတဦးတယောက်ရဲ့ ပုဂ္ဂလိက လွတ်လပ်ခွင့် (Privacy Rights) ကိုလည်း ချိုးဖောက်ရာရောက်တယ်လို့ လူ့အခွင့် အရေးလေ့လာသူတွေက သုံးသပ်မှုတွေကို လုပ်ထားပါတယ်။

ဦးကျော်ဇံသာ။ ။ အဲတော့ တခုမေးချင်တာက ကိုအောင်မျိုးမင်းခင်ဗျား။ ကိုလှမောင်က ပြောပါတယ်။ ဒီမိုကရေစီရေး ဘာညာလှုပ်ရှားနေတဲ့ အဖွဲ့တွေအတွင်းမှာလည်း လူ့အခွင့် အရေးချိုးဖောက်မှု တွေ ရှိတယ်။ ဒီဟာတွေကိုကော ကျနော်တို့ မစဉ်းစားသင့် ဘူးလားဆိုတာနဲ့ ပတ်သက်လို့ ကော ဘယ်လိုပြန်ဖြေမှာလဲခင်ဗျား။ အဲဒါကိုလည်း ခပ်တိုတိုလေး ဖြေပေးပါခင်ဗျား။

အောင်မျိုးမင်း။ ။တကယ်တမ်း လွတ်လပ်တဲ့၊ အချုပ်အနှောင်ကင်းမဲ့တဲ့၊ ဩဇာလွှမ်းမိုးမှုကင်းမဲ့တဲ့ လူ့အခွင့်အရေးကော်မရှင်ဆိုလို့ရှိရင်တော့ လူ့အခွင့်အရေးချိုးဖောက် မှုတွေဟာ ဘယ်သူက လုပ်တယ်။ ဘယ်အဖွဲ့က လုပ်တယ်ဆိုတာကို သူတို့က ကြည့်မှာမဟုတ်ပါဘူး။ လူ့အခွင့်အရေး ချိုးဖောက်မှုကို လူ့အခွင့်အရေး ချိုးဖောက်မှုတရပ်အနေနဲ့ဘဲ မြင်ပြီးတော့ ချိုးဖောက်မှုပုံစံ အတိုင်း စုံစမ်းဖော်ထုတ်တဲ့ အရာတွေ ရှိပါမယ်။ ဒီဟာတွေကို ဥပဒေအတိုင်း အရေးယူမှုတွေ ကို လုပ်ဆောင်ရမယ့် တာဝန်ရှိပါတယ်။ အဲတော့ လူ့အခွင့်အရေးတရပ်ဆိုတာ အစိုးရက ချိုးဖောက်မှ မဟုတ်ပါဘူး။ အစိုးရမဟုတ်တဲ့ သာမန်လူတယောက်က တခြားသူတယောက်ရဲ့ အခွင့်အရေးကို ချိုးဖောက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ်လို့ရင်လည်း ကုမ္ပဏီတရပ် ကနေ တခြားလူတွေရဲ့ အလုပ်သမားတွေအပေါ်မှာ ဒါမှမဟုတ်လို့ရှိရင် သူ့ရဲ့ကုမ္ပဏီလုပ်ငန်း ခွင်ထဲမှာရှိတဲ့ ကျေးရွာ၊ ရပ်ကွက်ပြည်သူတွေရဲ့ လူ့အခွင့်အရေးကို ချိုးဖောက်လို့ရှိရင်လည်း အမှန်အတိုင်း အရေးယူမှသာ စစ်မှန်တဲ့ လူ့အခွင့်အရေးကော်မရှင် ဖြစ်ပါမယ်။ ကျနော်တို့ လူ့အခွင့်အရေးကို လုပ်ဆောင်နေတဲ့သူတွေ ကြားထဲမှာလည်း ကျနော်တို့ကိုယ်တိုင်ဘဲ လူ့ အခွင့်အရေးဆိုတဲ့ဟာက ဘယ်သူချိုးဖောက်ချိုးဖောက်။ ချိုးဖောက်မှုကို ချိုးဖောက်မှုအတိုင်း ဘဲ့ မြင်ပါတယ်ခင်ဗျား။

ဦးကျော်ဇံသာ။ ။ ။ နောက်သောတရှင်တဦးကို ကျနော်ဖိတ်ခေါ်လိုပါတယ်။ အဲဒီပုဂ္ဂိုလ်ကတော့ မကွေး တိုင်းက ဦးသန်းအောင် ဖြစ်ပါတယ်။ ဦးသန်းအောင်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ တိုင်းစည်းရုံးရေးအဖွဲ့ဝင်တဦး ဖြစ်ပါတယ်ခင်ဗျား။ လူ့အခွင့်အရေးကော်မရှင်နဲ့ ပတ်သက်ပြီး တော့ ဦးသန်းအောင်ရဲ့အမြင်က ဘယ်လောက်များ အားတက်စရာကောင်းသလဲ။ ဘယ် လောက်များ လုပ်ကိုင်ဆောင်ရွက်နိုင်မယ်လို့ ထင်ပါသလဲခင်ဗျား။

ဦးသန်းအောင်။ ။ ဟုတ်ကဲ့။ အခုဖွဲ့လိုက်တဲ့ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ဟာ ဆိုလို့ရှိရင် ကျနော် တို့ အစိုးရကနေပြီးတော့မှ ဦးစီးဖွဲ့စည်းပေးထားတာ ဖြစ်ပါတယ်။ အစိုးရကနေပြီးတော့မှ သူ့ ဝန်ထမ်းဟောင်းတွေကို ဖွဲ့စည်းပေးထားတာ ဖြစ်ပါတယ်။ အဲဒီအခါမှာ သူတို့လူ့အခွင့်အရေး ကော်မရှင်ရဲ့ ယန္တယားတွေကို လည်ပတ်တဲ့အခါမှာလည်း ဒီလူ့အခွင့်အရေးကော်မရှင်၊ သူတို့ရဲ့ အိတ်ထဲကနေ ငွေရေးကြေးရေးကို စိုက်ထုတ်ပြီးတော့ လည်ပတ်မှာ မဟုတ်ပါဘူး ခင်ဗျား။ အစိုးရရဲ့ထောက်ပံ့ငွေနဲ့ဘဲ သူတို့ရဲ့ယန္တယားကို လည်ပတ်မှာ ဖြစ်ပါတယ်။ အဲဒီအခါ ကျတော့ ဒီလူ့အခွင့်အရေးကော်မရှင်ဟာ အမျိုးသားညီလာခံတက်ခဲ့တဲ့လူတွေလိုဘဲ့၊ ဒါမှ မဟုတ်လို့ရှိရင်လည်း ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရေးဆွဲရာမှာ ပါဝင်ခဲ့တဲ့လူတွေလိုဘဲ့၊ အစိုးရအကြိုက်ကို ဆောင်ရွက်မယ့်ကော်မရှင်ဖြစ်တယ်လို့ ကျနော့်အနေနဲ့ ယူဆပါတယ် ခင်ဗျား။

ဦးကျော်ဇံသာ။ ။ ။ဟုတ်ကဲ့။ ဦးသန်းအောင်ကို ကျနော်တခုတော့ မေးချင်တယ်။ ၁၉၉၀ ပြည့် ရွေး ကောက်ပွဲကော်မရှင် ဖွဲ့ခဲ့တယ်။ ဦးဘဌေးတို့၊ ဗိုလ်ချုပ်ဟောင်း စောကြာဒိုးတို့၊ ဒီပုဂ္ဂိုလ်တွေ ဟာလည်း အစိုးရက ပေးထားတဲ့အထောက်အပံ့နဲ့ လုပ်ခဲ့ရတာဘဲ့ခင်ဗျား။ အဲဒီကော်မရှင်ကို ကော လွတ်လပ်တဲ့ကော်မရှင်မဟုတ်ခဲ့ဘူးလို့ ပြန်ပြောလို့ ရနိုင်မလား။ ဒီဟာနဲ့ ယှဉ်ထိုးပြီး ပြောရင်ကော။ ဦးသန်းအောင်။ ၊ ၁၉၉၀ ပြည့်ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲကော်မရှင်က ကျနော်တို့ လွတ်လပ်မျှတ တဲ့ ရွေးကောက်ပွဲကို ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ ကမ္ဘာ့က လက်ခံထားပါတယ်ခင်ဗျား။ သို့သော်လည်းဘဲ ဒီရွေးကောက်ပွဲရဲ့ အကျိုးဆက်ဖြစ်တဲ့ ရွေးကောက်ပွဲရလဒ်တွေကိုတော့ ကော်မရှင်ကနေပြီးတော့မှ ဆောင်ရွက်ပေးနိုင်ခဲ့ခြင်း မရှိပါဘူးခင်ဗျား။ ဒါဟာဆိုလို့ရှိရင်လည်း ရွေးကောက်ပွဲကော်မရှင်ရဲ့ အထက်မှာ အစိုးရရှိနေတဲ့သဘောဆိုတာ ကျနော်တို့ ထင်ရှားပါ တယ်။ အခုလည်းဘဲ့ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရဲ့ အထက်မှာ အစိုးရအဖွဲ့ဟာ ရှိနေ ပါတယ်။ ဒါ့အပြင်မှာ ကျနော်တို့က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဆိုလို့ရှိရင် ကျနော်တို့ ဘယ်လိုမှ လူ့အခွင့်အရေးတွေ၊ ဒီမိုကရေစီရေးတွေဆိုတာ မဖြစ်နိုင်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုလို့ရှိရင် ကျနော်တို့က အခြေခံဥပဒေမှာ သူတို့ပြဌာန်းထားတာက လွတ်လပ်ခြင်း၊ ညီမျှခြင်း၊ တရားမျှတခြင်းဆိုတဲ့ လောကပါလတရားတွေ ထွန်းကားရေးလို့ တဖက်မှာ ပြောတယ်။ တဖက်မှာကျတော့ အရပ်သားနဲ့ စစ်သား။ အရပ်သားကိုယ်စားလှယ်တွေကကျတော့ ပြည်သူ လူထုရဲ့ဆန္ဒကို ခံယူပြီးတော့မှ လွှတ်တော်ထဲကို လာရတယ်။ စစ်သားကိုယ်စားလှယ်တွေက ကျတော့ ပြည်သူလူထုရဲ့ဆန္ဒကို ခံယူစရာမလိုဘဲနဲ့ လွှတ်တော်ထဲကို လာရတယ်။ ဒါကိုက ကျနော်တို့ ရှင်းပါတယ်။ ညီမျှမှုမရှိတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါခင်ဗျား။

ဦးကျော်ဇံသာ။ ။ ဟုတ်ကဲ့ခင်ဗျား။ နောက်သောတရှင်တဦးကို ကျနော်တို့ ဖိတ်ခေါ်လိုပါတယ်။ အဲဒီ သောတရှင်က အခုလောလောဆယ် ဖုန်းဆက်လာပါတယ်။ ရခိုင်ပြည်နယ် လွှတ်တော်အမတ်၊ ကမန်းအမျိုးသားတိုးတက်ရေးပါတီက ဦးထွန်းမြင့်လို့ ဆိုပါတယ်။ ဦးထွန်းမြင့် ရောက်ပါပြီ လား။ လေလှိုင်းပေါ်မှာ။ (ဟုတ်ကဲ့။ ရောက်နေပါတယ်။) ဟုတ်ကဲ့။ ဦးထွန်းမြင့် ဆွေးနွေးနိုင်ပါ တယ်။ လူ့အခွင့်အရေးကော်မရှင်က ပြည်သူတွေရဲ့အခွင့်အရေးတွေ၊ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေကို ဘယ်လောက်များ ဆောင်ကြဉ်းပေးနိုင်လိမ့်မယ်လို့ ထင်ပါသလဲခင်ဗျား။

ဦးထွန်းမြင့်။ ။ကျနော်ဆွေးနွေးဖို့ကိစ္စကတော့ ဒီလိုပါ။ ၂၀၁၁၊ စက်တင်ဘာ (၂)ရက်နေ့က ထုတ်ပြန် ထားတဲ့ မြန်မာ့အလင်းသတင်းစာ၊ စာမျက်နှာ (၃)မှာ လဝကဝန်ကြီးခင်ရီက တိုင်းရင်းသား များကို နိုင်ငံသားစိစစ်ရေးကဒ်ပြားထုတ်ပေးတဲ့နေရာမှာ လူမျိုး၊ ဘာသာခွဲခြားမှုမရှိဘဲနဲ့ နိုင်ငံ သားစိစစ်ရေးကဒ်ပြားရှိတဲ့ မိဘနှစ်ပါးက မွေးဖွားလာတဲ့ကလေးတွေကို ထုတ်ပေးနေပါတယ် တဲ့။ အဲတော့ ကျနော်တို့ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်မှာ နိုင်ငံသားစိစစ်ရေးကဒ်ပြားရှိတဲ့ မိဘနှစ်ပါးက မွေးဖွားတဲ့ကလေးတွေကို အခုရက်ပိုင်းမှာ ဩဂုတ်လထဲမှာဘဲ ယာယီသက်သေ ခံကဒ်အဖြူကိုဘဲ့ ထုတ်ပေးပြီးတော့ ခရီးသွားလိုလျှင်တဲ့ ပုံစံလေးယူပြီးမှ သွားရပါမယ်တဲ့။ အဲဆိုတော့ ကျနော်တို့က မိဘနှစ်ပါးက တိုင်းရင်းသားဖြစ်ပေမယ့် မွေးလာတဲ့ကလေးတွေက ဧည့်နိုင်ငံသားဘဝကို ရောက်နေတဲ့အတွက်ကြောင့် ကျနော်တို့ ဒါကို ဘယ်လိုလုပ်ပြီးတော့ ဆက်လက်ဆောင်ရွက်ကြမလဲ။ ပုံစံ-၄ လုပ်တယ်ဆိုတာကတော့ ဧည့်နိုင်ငံသားတွေရဲ့ လုပ် ရပ်ဖြစ်တယ်လို့ နားလည်ပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးပေးပါခင်ဗျား။

ဦးကျော်ဇံသာ။ ။ ဟုတ်ကဲ့။ ဦးထွန်းမြင့်။ ဦးထွန်းမြင့်ကိုဘဲ့ ကျနော်တို့ ဆွေးနွေးဖို့ ပြောရမှာဘဲ့။ ကျနော် တို့အထဲမှာ လွှတ်တော်ကိုယ်စားလှယ်သော်လည်းကောင်း၊ ဝန်ကြီးဦးခင်ရီသော်လည်းကောင်း မပါလေတော့ ဦးထွန်းမြင့်က လွှတ်တော်အမတ်ဖြစ်ပါတယ်။ ဘာကြောင့် သူတို့က ခွဲခြားသ လဲ။ ဘာသာရေးကြောင့်လား။ ဘာကြောင့်မပေးနိုင်ဘူးလို့ သူတို့က ပြောတာပါလဲ။ ဦးထွန်းမြင့်။ ။ ဒီမှာကတော့ လူမျိုးရေး၊ ဘာသာရေးကြောင့်လို့လည် မခွဲခြားပါဘူး။

ဦးကျော်ဇံသာ။ ။ ဆိုတော့ ဦးထွန်းမြင့်က လွှတ်တော်မှာ မမေးဘူးလားခင်ဗျား။ ပြည်နယ်လွှတ်တော် အမတ်ဘဲ့။ လွှတ်တော်အမတ်ဆိုတာ မေးခွင့်ရှိတာဘဲ့။

ဦးထွန်းမြင့်။ ။ကျနော်တို့က အနိုင်ရပါတီမဟုတ်ဘူး။ မြို့နယ်၊ ခရိုင်လောက်မှာဘဲ့ ကျနော်တို့က ပြောခွင့်ရှိပါတယ်။ ဒီဟာတွေကတဲ့။ အခြေအနေအရပ်ရပ်ကြောင့် နောက်တဖြည်းဖြည်း လုပ် ပေးပါမယ်တဲ့။

ဦးကျော်ဇံသာ။ ။ တဖြည်းဖြည်းလုပ်ပေးမယ်ဆိုတယ်။ ကျနော်သာ လွှတ်တော်အမတ်ဆိုရင် မေးမှာဘဲ့ ဗျာ့။ ပြည်နယ်လွှတ်တော်အမတ် ပြည်နယ်မှာ မေးမှာဘဲ့။ ခင်ဗျားက ဒေသခံပြည်သူတွေကို ကိုယ်စားပြုပြီးတက်လာတဲ့ အမတ်ဘဲ့ဥစ္စာ။ ခင်ဗျားမေးပါ။ ကျနော်ကတော့ အဲဒါဘဲ့ တိုက် တွန်းပါရစေခင်ဗျား။ ဒီမှာကတော့ ကျနော်တို့ အဖြေမရှိဘူးခင်ဗျား။ ဦးထွန်းမြင့်ကိုယ်တိုင် မေး စေချင်ပါတယ်ခင်ဗျား။ အဲဒီကိစ္စကို ကျနော်တို့ ကြားချင်ပါတယ်။ ဘယ်လိုပြန်ဖြေသလဲ။ ကျနော်တို့ အဲဒါကို သတင်းလုပ်ပြီး ထုတ်လွှင့်ချင်ပါတယ်။

ဦးထွန်းမြင့်။ ။ ဟုတ်ကဲ့။ ကျနော် အခုမေးဖို့ကလည်း ကျနော်က အခုမြို့မှာဆိုတော့ ခရိုင်နဲ့လည်း ဝေးတယ်။ ခရိုင်မှုးကိုမေးတော့လည်း ခရိုင်မှုးက အတင်း……

ဦးကျော်ဇံသာ။` ။ လွှတ်တော်အစည်းအဝေးမှာ မေးသင့်ပါတယ်။ လွှတ်တော်အမတ် မို့လို့။

ဦးထွန်းမြင့်။ ။သတင်းစာမှာပါတဲ့အတိုင်းဆိုရင် ဝန်ကြီးပြောတဲ့အချက်နဲ့ ဒီကလုပ်တဲ့ အချက်က နည်း နည်းကွဲလွဲနေတဲ့အတွက်ကြောင့် ကျနော်ကတော့ ဒါဟာ အဖြူကဒ်ကို မပေးသင့်ဘူး။ အဖြူ ကဒ်အစား တခြားမြို့နယ်တွေမှာလို့ အနီကဒ်၊ အဝါကဒ်၊ နိုင်ငံသားစိစစ်ရေးကဒ်ပြားကို တရား ဝင်ပေးသင့်တယ်လို့ ကျနော်ကတော့ ဒီလိုဘဲ့ ဆွေးနွေးချင်ပါတယ်။

ဦးကျော်ဇံသာ။ ။ ဟုတ်ကဲ့။ ကောင်းပါပြီခင်ဗျား။ လွှတ်တော်မှာ ဆွေးနွေးနိုင်ပါစေခင်ဗျား။ နောက် ပုဂ္ဂိုလ်တဦးကို ဖိတ်ခေါ်ချင်ပါတယ်ခင်ဗျား။ အဲဒီပုဂ္ဂိုလ်ကတော့ ဦးသန်းထွန်းဖြစ်ပါ တယ်။ ဦးသန်းထွန်းကလည်း တနင်္သာရီတိုင်းက နိုင်ငံရေးသမားတဦးဖြစ်ပါတယ်။ NDF ပါတီရဲ့ တိုင်းစည်းရုံးရေးအဖွဲ့ဝင်တဦး ဖြစ်ပါတယ်။ ဦးသန်းထွန်း ကြားပါသလဲခင်ဗျား။ (ဟုတ်ကဲ့။ ကြားရပါတယ်ခင်ဗျား။) ဟုတ်ကဲ့။ ဦးသန်းထွန်း ဆွေးနွေးနိုင်ပါတယ်ခင်ဗျား။

ဦးသန်းထွန်း။ ။ ကျနော်တို့ ဘယ်လိုပြောရမလဲဆိုတော့ ဒီမြန်မာ့လူ့အခွင့်အရေးကော်မရှင်ဖွဲ့တာတော့ အများကြီး ကောင်းတာပေါ့ဗျာ့။ အများကြီးကောင်းလာတာ။ ဘာကြောင့်လဲဆိုတော့ ကျနော် တို့ဗမာတွေကိုယ်တိုင်က လူ့အခွင့်အရေးကို တော်တော်လေး လိုအပ်နေတာပေါ့ဗျာ။ ဘာ ကြောင့်မို့ လိုအပ်နေရတာလဲဆိုတော့ ကျနော်တို့မှာ လူ့အခွင့်အရေးဆိုတာက ဟိုးဘိုးဘွား ဘီဘင်ကတည်းက လူ့အခွင့်အရေးမရှိခဲ့တာဗျာ့။ ဘာကြောင့်မရှိခဲ့တာလဲဆိုတော့ ကျနော်တို့ မြန်မာလူမျိုးတွေကိုယ်တိုင်က မော်ဖူးစေဆိုမှ မော်ဖူးရတဲ့ လူတန်းစားကိုဗျာ့။ အဲတော့ ဒီလို လူ့အခွင့်အရေးတွေ၊ ဘာတွေပေါ်လာတယ်ဆိုရင်တော့ ကျနော်တို့အတွက် အခွင့်အလမ်းတခု ပေါ်လာတာပေါ့ဗျာ။ အဲလို ကျနော်ယူဆတယ်။ နောက်တခုကတော့ ကျနော်တို့က လူ့အခွင့် အရေးကော်မရှင်ပေါ်လိုက်တာနဲ့ လူ့အခွင့်အရေးဆိုတာ ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုပြီး ဒီလိုတော့ ဖော်ဆောင်ဖို့မကောင်းဘူးပေါ့ဗျာ။ ဒါပေမယ့် သူ့ကိုတော့ ဖော်ဆောင်ဖို့ သင့်တယ်။ ဒါပေမယ့် အရာရာတိုင်းမှာ ဘယ်လိုပြောရမလဲဆိုလို့ရှိရင်တော့ ကျနော်တို့ လူ့အခွင့်အရေး ရရှိဖို့ဆိုတာကို သမ္မတကြီးဦးသိန်းစိန်ချမှတ်ထားတဲ့ဟာတွေပေါ့။ အဲဒါ ဟိုလာဘ်ပေးလာဘ်ယူ ကိစ္စတွေပေါ့ဗျာ။ ဒါတွေက အဲဒီဟာတွေပါ သိမ်းကြုံးပြီးပါလာတယ်။ လူ့အခွင့်အရေးက အဲဒီ ဟာနဲ့ ဆိုင်နေတယ်။ အဲဒါနဲ့ ဆက်စပ်နေတယ်ဗျာ့။ အဲတော့ ကျနော်တို့ မြန်မာလူမျိုးတွေ လူ့အခွင့်အရေးရရှိဖို့ဆိုရင် ကျနော်တို့ အရေးကြီးဆုံးဖြစ်တဲ့ ဌာနဆိုင်ရာ ပြည်ထဲရေး၊ ပြည်ထဲ ရေးလက်အောက်ခံတွေ၊ နောက်တရားရေး၊ တရားရေးလက်အောက်ခံတွေ၊ အထူးသဖြင့် ပြု ပြင်ရမှာပါ။

ဦးကျော်ဇံသာ။ ကျနော်က ဦးသန်းထွန်း ပြောတဲ့ပထမအချက်ကို သိပ်စိတ်ဝင်စားတယ်။ ကျနော်က ဒီမှာမေးဖို့ အချိန်မရလို့ ကိုအောင်မျိုးမင်းကိုဘဲ့ ပြန်မေးပါရစေ။ ကိုအောင်မျိုးမင်း လိုင်းပေါ်မှာ ရှိပါတယ်နော်။ သူပြောတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုဆိုတာဟာ သမိုင်း အစဉ်အလာကတည်းက ပဒေသရာဇ်ခေတ်ကတည်းက အစဉ်အလာရှိလာခဲ့တယ်ဆိုတာကို သူထောက်ပြတယ်။ ဒီကိစ္စလည်း စဉ်းစားသင့်တဲ့ကိစ္စလို့ ထင်ပါတယ်။ အခုလက်ရှိ အစိုးရတခု တည်းကိုဘဲ့ အပြစ်တင်နေတာထက် သမိုင်းယဉ်ကျေးမှုအားဖြင့်ကို အမြစ်တွယ်လာတယ်ဆို တာနဲ့ ပတ်သက်ပြီးတော့ ဦးအောင်မျိုးမင်း ဘယ်လိုတုံ့ပြန်ဆွေးနွေးချင်ပါသလဲခင်ဗျား။

အောင်မျိုးမင်း။ ။ သမိုင်းတလျှောက်မှာလည်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အခုနကလို ပဒေသရာဇ် အာဏာရှင်တွေကနေ ဥပဒေတွေကို အလွဲသုံးစားလုပ်ခဲ့တာ ရှိပါတယ်။ ဒါပေမယ့် ကျနော်တို့ အခုခေတ်က အရင်တုန်းကလို ဘုရင်တွေကို ကိုးကွယ်ပြီးတော့ သက်ဦးဆံပိုင်စနစ်လို နေရတဲ့ ခေတ်မျိုး မဟုတ်တော့ပါဘူး။ ကျနော်တို့ အခုခေတ်က လူတွေရဲ့ အတွေးအခေါ်တွေက လူ တွေရဲ့ တန်ဖိုး၊ ဂုဏ်သိက္ခာကို လေးစားရမယ်။ လူတွေရဲ့ အစွမ်းအစကို အသိအမှတ်ပြုရမယ်။ လူတွေက လုံခြုံခွင့်ရှိတယ်ဆိုတဲ့ အကြောင်းအရာနဲ့ လူ့အခွင့်အရေးယဉ်ကျေးမှု ထွန်းကားလာ ပါပြီ။ အတိတ်ကပြုခဲ့တဲ့ အနိဌာရုံတွေ ကြောင့်မို့လို့ လူ့အခွင့်အရေးဆိုတာ လိုအပ်တယ်ဆိုတာ ဖြစ်လာတယ်။ တကမ္ဘာလုံးက လူ သားတိုင်းဟာ အတူတူဘဲ့ဆိုတဲ့စိတ်ဓါတ်မျိုး ဖြစ်လာတယ်။ အဲတော့ ရှေးတုန်းက ဖြစ်ခဲ့တဲ့ ယဉ်ကျေးမှုအစဉ်အလာတွေကိုဘဲ့ ပြောပြီးတော့ အဲဒီပုံစံနဲ့ ကျနော်တို့ ဘယ်လိုမှ ဆက်ပြီး နေနေလို့မရဘူး။ လူတိုင်းလူတိုင်းဟာ ညီမျှမှုရှိရမယ်ဆိုတဲ့ အကြောင်းအရာကို ဦးတည်ပြီး သွားဖို့ဆိုတာဟာ ပိုပြီးတော့ အရေးကြီးနေပါတယ်။ အဲဒီအစွဲတွေ ပျောက်ဖို့တော့ လိုတာပေါ့နော်။ အောင်မျိုးမင်း။ ဟုတ်ပါတယ်။ ပျောက်ဖို့လိုပါတယ်။ အဲဒီပျောက်ဖို့ဆိုတာကလည်း တဦးချင်းရဲ့ ခံယူမှု တွေ ကျနော်တို့် အများကြီး လိုတယ်။ တဦးချင်းကနေ ဒီလိုမျိုး အသိစိတ်ဓါတ်တွေ ပျောက်မှသာ ပတ်ဝန်းကျင်မှာ ဒီလိုမျိုး အကျင့်သိက္ခာကို တည်ဆောက်နိုင်လာမယ်။ အဲလို အကျင့်သိက္ခာမျိုးရှိတဲ့အချိန်ကျမှသာ အစိုးရတခုနဲ့ လူနေမှုပုံစံတခုကို ကျနော်တို့ ပြောင်းလဲ နိုင်မှာ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ။ ။ဟုတ်ကဲ့။ နောက်ဆုံး ဆွေးနွေးချင်တဲ့သောတရှင်တယောက်ကို ကျနော်တို့ ဖိတ်ခေါ်ပါ တယ်။ အဲဒီပုဂ္ဂိုလ်ကတော့ ဦးပြည်သိမ်း ဖြစ်ပါတယ်။ ဦးပြည်သိမ်း ကြားရပါသလားခင်ဗျား။ (ဟုတ်ကဲ့ ကြားပါတယ်ခင်ဗျား။) ဟုတ်ကဲ့ ဦးပြည်သိမ်း ခပ်တိုတိုအချိန်တမီနစ်လောက်ပေါ့ဗျာ။ ပြောပါခင်ဗျား။

ဦးပြည်သိန်း။ ။ဒီလိုပါခင်ဗျား။ အချိန်ကိုလည်း ကျနော်လေးစားပါတယ်။ အခုရုပ်သေး လွှတ်တော်က နေပြီးတော့မှ ဖွဲ့စည်းတဲ့လူ့အခွင့်အရေးကော်မရှင်ဆိုတာ ကျနော်ကတော့ အကြွင်းမဲ့လုံးဝ မယုံဘူးဗျာ့။ ဘာကြောင့်လဲဆိုတော့ ကျနော်က နိုင်ငံရေးသမား မဟုတ်ဘူး နော်။ နိုင်ငံ့အရေး သမားလို့ ပြောရင် ပြောလို့ရနိုင်တယ်။ ကျနော်က နိုင်ငံ့အရေး သမားဆိုတော့ စကားပြော ချော ချင်မှ ချောမယ်။ လှလှပပလေးလည်း မရေးတတ်ဘူး။ လှလှပပလေးလည်း မပြောတတ်ဘူး။ အဲတော့ အခုလွှတ်တော်ထဲမှာ ဘယ်လိုလုပ်နေသလဲ။ ကျနော်ပြောချင်တာက Bureaucrat တွေ၊ စစ်အာဏာရှင်တွေ၊ Aristocrat တွေ၊ ဓနရှင်တွေ စိုးမိုးတဲ့ လွှတ်တော်ဗျာ့။ ရုပ်သေး လွှတ်တော်။ သူတို့က စစ်ဖိနပ်နဲ့ ကတ္တီပါဖိနပ်ကို တဖက်စီ စီးထားတဲ့လူတွေ။ အဲတော့ သူတို့ ကိုယ်တိုင်ကဗျာ။ ဓနရှင်အစိုးရတွေ၊ ဓနရှင်စိတ်ဓါတ်တွေ၊ စစ်အာဏာရှင်တွေ လွှမ်းမိုးနေတဲ့ ဥစ္စာ။ ကျနော့်အမြင်ကတော့ဗျာ။ ခပ်တိုတိုနဲ့ ပြောရရင် Main Point ကိုဘဲ့ ပြောမှာပါ။ ကျနော်အမြင်ကတော့ မြန်မာပြည်မှာ နိုင်ငံရေးသမားတွေက တွေဝေနေကြပြီ။ ကျနော်ပြော ချင်တာက စစ်ဖိနပ်တဖက်၊ ကတ္တီပါဖိနပ်တဖက်စီး ထားတဲ့လူတွေရဲ့ လူ့အခွင့်အရေးဆိုတာ ကျနော့်အမြင်အရကတော့ ရီစရာကြီး ဖြစ်နေတာပါ။

ဦးကျော်ဇံသာ။ ။ဟုတ်ကဲ့။ နိဂုံးချုပ်ပါတော့မယ်။